ချမ်းအေးသာစံ ဒီဇင်ဘာ ၈
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးအောင်မင်း၊ ဥပဒေချုပ်ဦးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးသက်လှိုင်ထွန်းတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသူများ၊ ဧည့်သည်တော်များ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လူမှုရေးရာဝန်ကြီးမှ ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Video Clip ပြသ၍ အမျိုးသမီးသင်တန်းကျောင်းများမှ သင်တန်းသူများက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှုသည် နိုင်ငံတကာ ကမ်ပိန်းတစ်ခုဖြစ်ပြီး နိုဝင်ဘာလ (၂၅)ရက်နေ့မှစတင်၍ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ(၁၀)ရက်နေ့ အထိဖြစ်ကာ ကမ္ဘာ့နိုင်ငံအားလုံးတွင်ရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် သတိပေးနေခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်စေရေးနှင့် စပ်လျဉ်းပြီး နိုင်ငံတကာနှင့်ပြည်သူများမှ မည်မျှအလေးထား ဆောင်ရွက်နေကြောင်းအား ပြသရန်အတွက် လှုံ့ဆော်ပေးခြင်းလည်းဖြစ်ကြောင်း၊ အဆိုပါလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားများအား ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ၂၀၁၈ ခုနှစ်မှ စတင်ကာ (၁၆)ရက်တာ လှုပ်ရှားဆောင်ရွက်မှုများအား နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိသကဲ့သို့ မန္တလေးတိုင်းဒေသကြီး၌လည်း ယခုအခမ်းအနားအား ကျင်းပခြင်းကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ်ဆောင်ပုဒ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်အတွက် "UNITE! Invest to Prevent Violence against Women and Girls" အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး) ဖြစ်ပြီး ဆောင်ပုဒ်၏ အဓိကအလေးပေးလိုသည့် အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍများတွင် အားလုံးပါဝင်ရင်းနှီးမြှုပ်နှံကြရန် ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းနိုင်