အမ်း ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား/မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းပို့ချခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လေယဉ်ကွင်းရပ်ကွက် မြို့ဦးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင်တစ်ဦးက ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/သူများအား အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်ကို ကမ္ဘာတစ်ဝန်းမှာလည်း နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း (၁၆)ရက်တာလှုပ်ရှားမှုကို နှစ်စဉ်ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် အိမ်တွင်းအကြမ်း ဖက်မှုမှစ၍ လုပ်ငန်းခွင်များတွင်လည်းကောင်း၊ Online များမှလည်းကောင်း မတူညီသော ပတ်ဝန်းကျင်နေရာဒေသအလိုက် ဖြစ်ပွားလျက်ရှိပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍများတွင် လူအင်အား၊ ငွေအင်အား၊ အသိပညာအင်အားများဖြင့် ပါဝင်ရင်းနှီးမြှုပ် နှံကြရပါမည်ဖြစ်ကြောင်း၊ အမျိုးသမီးများအားခွဲခြားမှုသည် အခွင့်အရေးများတန်းတူရရှိရေးနှင့် လူ့ဂုဏ်သိက္ခာ လေးစားရေးမူများကို ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဘဝနယ်တို့၌ အမျိုးသားများနှင့် တန်းတူရည်တူ အမျိုးသမီးများ ပါဝင်ဆောင်ရွက်ခြင်းကို အဟန့်အတားဖြစ်စေသည့်အပြင် လူ့အဖွဲ့အစည်းနှင့် မိသားစုကြီးပွားချမ်းသာမှု တိုးတက်ခြင်းကို တားဆီးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလှောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှုအကြောင်း၊ အခြေခံသဘောတရားများနှင့် အဓိပ္ပာယ်၊ ကျား/မရေးရာစံနှုန်းများ၊ အခွင့်အလမ်းမတူညီမှု၊ လုပ်ပိုင်ခွင့်အာဏာနှင့်လူမှုရေးအရ ခွဲခြားသတ်မှတ်သည့် ကျား/မ ရေးရာစံနှုန်းများအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒကိုဆန့်ကျင်လျက် ထိခိုက်နစ်နာစေရန်အတွက် ကျူးလွန်သည့်အပြုအမူများကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုးမှ တားဆီးကာကွယ်ပေးရန် စသည့်အကြောင်းအရာတို့ကို အသိပညာပေးသင်တန်းပို့ချခဲ့သည်။ ထို့နောက် ကျား/မရေးရာ အခြေပြုအကြမ်းဖက်မှု ပတ်သက်သည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများနှင့် အမေး၊ အဖြေကဏ္ဍများ ပြုလုပ်ခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးလက်ကမ်းစာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)