တာမွေ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)