ကျိုင်းတောင်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင်၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျိုင်းတောင်းမြို့အတွင်းရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့် ရပ်ကျေးစာရေးများ အတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းတောင်းမြို့ အခြေခံ ပညာ အထက်တန်းကျောင်း(တုန်ဟုန်း) နှင်းဆီခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးနဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဌေးညွှန့် က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့်တစ်ထပ်တည်းကျစေမှုစသည့် စံ(၅)ချက်နှင့်အညီ ကျင်းပနိုင်ရေး အတွက်ဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ရွေးကောက်ပွဲနေ့နှင့် မဲရုံဆိုင်ရာ ကိစ္စရပ်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲနေ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် စနစ် တကျ မဲပေးနိုင်ရေးနှင့် အထွေထွေ ကိစ္စရပ်များကို တာဝန်ရှိသူ မိုးနဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးပို့ချခဲ့ပါသည်။
အဆိုပါ သင်တန်းသို့ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၁၉)ဦး၊ ရပ်ကျေး စာရေး (၁၁)ဦးနှင့် လေ့လာသူ(၂) စုစုပေါင်းသင်တန်းသား(၃၂)ဦးတို့မှ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် အညီ ဖွင့်လှစ်ပို့ချ ပေးခဲ့ကြောင်း သိရှိရပါသည်။
ကျိုင်းတောင်း(ပြန်/ဆက်)