ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က-ခွဲ (၂၅)သို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မန္တလေး ဒီဇင်ဘာ ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်တွင် စာပေဖတ်ရှု့နိုင်ရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိပညာ ဗဟုသုတနှင့် ပြည့်စုံသော လူကောင်း၊ လူတော်များဖြစ်လာစေရန် ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ငှားရမ်းပေးကြသည်။

စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၌ သုတ/ရသစာအုပ်မျိုးစုံ(၁၈၈၀)ကျော် စီစဉ်ထားရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ် ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ် နှစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းများ၊ ဌာနဆိုင်ရာများအရောက် လိုက်လံငှားရမ်း‌ပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့လာ‌ရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)