ပုံပါကျင် ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အမှတ်(၂)ရပ်ကွက်၊ မြို့မ ဘုန်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးစိုင်းအောင်ဆမ်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ပုံပါကျင်နယ်မြေရဲစခန်းမှ ရဲမှူးဇင်မင်းဦးက လူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့် နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကျောင်းသူ/ ကျောင်းသားများက ပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။
အိအိဖြိုး(ပုံပါကျင်၊ ပြန်/ဆက်)