နမ့်ဆန် အောက်တိုဘာ ၂၆
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူကြီး ကျေးရွာအုပ်စု ကျောက်ဖြူ ကြီးကျေးရွာ မူလွန်စာသင်ကျောင်းရှေ့ ကွင်းပြင်တွင် ကျေးရွာလူထု လုပ်အားဖြင့် ကိုယ်ထူ ကိုယ်ထ တမံတလင်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ မူလွန်ကျောင်းရှေ့ကွင်းပြင်သည် ယခင်က မြေသားကွင်းပြင်ဖြစ်ပြီး စာသင်ကျောင်း ရေရှည်ခိုင်ခံ့ဖို့နှင့် သာယာလှပဖို့ရန်ရည်ရွယ်၍ ကျောက်ဖြူကျေးရွာအတွင်းရှိ ပညာရေး ဝန်ထမ်းများ၊ ရပ်ရွာ လူထုများ တို့က မတည်လှူဒါန်းသည့်အလှူငွေနှင့်လုပ်ငန်းဆောင်ရွက် လျှက်ရှိရာ အလျားပေ(၁၀၀)၊ အနံပေ(၆၀)၊ ထု(၈) လက်မခန့်ရှိ ကွန်ကရစ်တမံတလင်းဖြစ်အောင် ဆောင်ရွက်ပြီးစီး သွားပြီဖြစ် ကြောင်း သိရသည်။ လုပ်ငန်း ဆောင်ရွက် ရာတွင် လိုအပ်သော ကုန်ကြမ်းဖြစ်သည့် ကျောက်၊ သဲ၊ ဘိလပ်မြေအတွက် စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း(၂၀)ကျော်ခန့် ကုန်ကျပြီး ကျေးရွာလူထုတို့၏ စုပေါင်း လုပ်အား (၂၀၀)ဦးခန့်ဖြင့် စုပေါင်း ဆောင်ရွက် ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ စာသင်ကျောင်း၏ဥပဓိရုပ် ယခင်ကထက် ပိုမိုလှပ သန့်ရှင်းလာသည့်အပြင် ပညာသင်ယူဆည်းပူးကြသည့် ကျောင်း သား\သူများ အားကစားပြိုင်ပွဲများ လုပ်ရာ တွင် ကျယ်ကျယ်ဝန်းဝန်းရှိပြီးတော့ ဆရာ\ ဆရာမများ ပညာသင်ကြားရာတွင် သန့်ရှင်း သန့်ရပ်သည့် စာသင် ကျောင်းပတ်ဝန်းကျင်ဖြစ်စေရန် ဆိုသည့် ရည်ရွယ်ချင်ဖြင့် ဆောင်ရွက်တာ ဖြစ်ကြောင်း ကွန်ကရစ် တမံတလင်း ခင်းရာတွင် ဦးဆောင်သူဖြစ်သည့် ဦးသန်းမြတ်စိုးထံမှ သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)