ပင်လောင်းမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲလှစ်

 

ပင်လောင်း    အောက်တိုဘာ  ၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ၌  ပြုလုပ်သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ် ပညာရေး မှူး ဦးထိန်ဝင်းတို့က အမှာစကားပြောကြားခဲ့ကြပြီး၊ သင်တန်းကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ရွေးကောက်ပွဲကော်မရှင်ဉက္ကဋ္ဌ ဦးသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်တင်တင်ထွေး၊ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးခွန်မောင်ဖြူ၊ အတွင်းရေးမှူး ဦးမင်းထက်အောင်နှင့် အဖွဲ့ဝင်ဌာန ဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စ ရပ်များ၊ ရွေးကောက်ပွဲနေ့ ပြင်ဆင်မှုများ၊ ရွေးကောက် ပွဲကျင်းပသည့်နေ့၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲနေ့ လုံခြုံရေးနှင့် ရွေးကောက်ပွဲ ပြစ်မှု ပြစ်ဒဏ်များ၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရန်/ရှောင်ရန်များနှင့် အထွေထွေ  သရုပ်ပြခြင်း ကို သင်ကြားပို့ချပေးမည်ဖြစ်သည်။

 ပင်လောင်းမြို့နယ်တွင် အမှတ်(၁)(၂) မဲဆန္ဒနယ်နှစ်ခုဖြင့် မဲရုံ (၁၄၃)ရုံရှိပြီး အဆိုပါ မဲရုံ များတွင် တာန် ဝန်ထမ်းဆောင်မည့်  မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၁၃၆)ဦးရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ    အောက်တို ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ နှစ်ရက်တာ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ခွန်အာကာစိုး (ပင်လောင်း)