မိုးနဲ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ၊မိုးနဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ တိုးချဲ့ ကာကွယ်ဆေး ထိုးလုပ်ငန်းစီမံချက်မှ အိတ်ခ်ျပီဗီ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ပေးလျက် ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က ဥယျာဉ်ရပ်ကွက် မိခင်နှင့်ကလေး စောင့် ရှောက်ရေး အသင်း ရုံးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သင်းလဲလဲ့ထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများက အသက် ၉ နှစ်မှ ၁၀နှစ်အထိ အမျိုးသမီးငယ် ၁၀ ဦးကို အိတ်ခ်ျပီဗီ(HPV) သားအိမ် ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။ အလားတူ နာခံကျေးရွာ ၊ လွိုင်အိုင် ကျေးရွာ နှင့်မယ်ဇလီမြိုင်ကျေးရွာတို့တွင်လည်း တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်းအသက် ၉ နှစ်မှ ၁ဝ နှစ်အထိ မိန်းကလေးဦးရေပေါင်း ၄၃၂ ဦးရှိကာ မြို့ပေါ် ၅ ရပ်ကွက် တွင် အားလုံထိုးနှံပြီးသွားပြီဖြစ်ကာ ကျန်ရှိသော ကျေးရွာအုပ်စုများရှိ မိန်းကလေးငယ်များကိုလည်း အိတ်ခ်ျ ပီဗီ (HPV) ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မှသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)