ဟိုပန် အောက်တိုဘာ ၂၆
‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်း ဖွင့်ပွဲအား ဟိုပန် မြို့ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ဟိုပန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များမှ ဉက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ဟိုပန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဉက္ကဌ ဦးသိန်းဝင်းမှ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်သူ့ဆန္ဒ နှင့်အညီ လွတ်လပ်၍တရားမျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲ လုပ်ငန်း စဉ်များတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များနှင့် ရပ်/ကျေးကော်မရှင်များအားလုံးတာဝန်ရှိမည်ဖြစ်ပြီး မိမိတို့ကျရာအခန်းကဏ္ဍ ကနေပါဝင်ကျရမှာဖြစ်ကာ လုပ်ငန်းများ ဆောင်ရွက် ရာတွင် အဆင်ပြေ လွယ်ကူ စေရေးအတွက် မိမိတို့ကိုဖြန့်ဝေပေးထားသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များ၏ လက်စွဲစာအုပ်ကို သေချာ ဖတ်ရှုလေ့လာထားကြဖို့တိုက်တွန်းကြောင်း အမှာ စကား ပြောကြားခဲ့သည်။ ထို့နောက် ဟိုပန်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းသူကျော်မှ မဲရုံမှူး၊ ဒုမဲရုံမှူးများအနေနဲ့ သင်တန်းကပို့ချလိုက်တဲ့ အချက် တွေကို သေချာစွာမှတ်သားပြီး မရှင်းလင်းတဲ့အချက်များကို ပြန်လည် မေးမြန်းစေလိုကြောင်း သို့မှသာ မိမိတို့မဲရုံ အဖွဲ့ဝင်တွေကို ပြန်လည်သင်တန်းပို့ချချိန်တွင် ရှင်းလင်းစွာပို့ချနိုင်မည်ဖြစ် ကြောင်း၊ ဆန္ဒမဲပေးသည့်ရက်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအနေနဲ့ မိမိတို့ လုပ်ပိုင်ခွင့်ထက်ကျော်လွန်၍ ဆောင်ရွက်ခြင်း မပြုလုပ်ကြရန် တိုက်တွန်း ကြောင်း ပြောကြားခဲ့ပြီး မဲရုံအနမူနာပုံစံတည်ဆောက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါမဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းကို ၂၅-၁၀-၂၀၂၀ ရက်နေ့တွင် မဲဆန္ဒနယ်(၁)ရှိ မဲရုံ (၂၂)ရုံမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး(၄၄)ဦးကိုလည်းကောင်း ၂၆-၁၀-၂၀၂၀ ရက်နေ့တွင် မဲဆန္ဒနယ်(၂)ရှိ မဲရုံ(၂၁)ရုံမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး(၄၂)ဦးတို့ကို မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လက်စွဲ စာအုပ်ပါ အကြောင်း အရာ များနှင့် Covid-19ကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့် အချက်များကို သင်တန်း ပို့ချ သွားမည် ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)