မလှိုင်၊ အောက်တိုဘာ ၂၆
၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းမှ သင်တန်းသားများ၏ နှာခေါင်းတို့ပတ်နှင် အာခေါင်တို့ပတ် Swab နမူနာရယူ၍ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ /မရှိ ကို (RDT Test) ဖြင့် စစ်ဆေးခြင်းကို အဖွဲ့ (၅)ဖွဲ့ ခွဲ၍ ယမန်နေ့က မလှိုင်မြို့၊ မြို့သစ် အထကကျောင်းခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။
လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေမင်းမျိုးထွန်း၊ မြို့မစခန်းမှူး ဒုတိယရဲမှူးသန်းထွန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့အားပေးခဲ့ပြီးလိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည် ။
အဆိုပါနေ့က အထူးရဲသင်တန်းသား (၂၁ဝ) ဦး၏ နှာခေါင်းတို့ ပတ်နှင့် အာခေါင်တို့ပတ် Swab နမူနာ ရယူ၍ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ /မရှိ ကို RDT Test ( Rapid Diagnostic Test)ဖြင့် စမ်းသပ်စစ်ဆေးခဲ့ရာ သင်တန်းသား(၂ဝ၇) ဦး၏ အဖြေမှာ (Negative) ပိုးမတွေ့ရှိကြောင်းသိရပြီး ကျန်(၃) ဦးမှာ RDT Test Error ပြနေသည့်အတွက် နောက်ရက်တွင် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည် ။ မလှိုင်မြို့နယ်တွင် မဲရုံပေါင်း(၂၁ဝ) ရှိသဖြင့် အထူးရဲတပ်ဖွဲ့ဝင် (၂၁ဝ) ဦးကို အောက်တိုဘာ(၁ ) ရက်နေ့မှ စတင်၍ မြို့သစ် အထက ကျောင်းတွင် သင်တန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)