မြောက်ဥက္ကလာပ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် ဌာနဆိုင်ရာအကြီးအကဲများက အသီးသီး ဆုများ ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်အုပ်ကြီးများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)