ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် ပိတ်ပွဲ တက်ရောက်

တောင်ကြီး ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ည(၈)နာရီက ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်သည်တော်များက သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှိ ရုပ်ပွားတော်မြတ်အား ရတနာဒီပံဆီမီး ထွန်းညှိပူဇော်ကြပြီး အလှူငွေ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ထို့နောက် အ.ထ.က(၁)၊ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူလေးများ၏ မီးပုံးအကကို ကြည့်ရှုအားပေး၍ ပွဲတော်တက်ရောက်လာသူများက မီးပုံးငယ်လေးများ စုပေါင်းလွှတ်တင်ကြသည်။

ယင်းနောက် နောင်တောင်းကျောင်းနှင့် နောင်တောင်းကျေးရွာအဖွဲ့၊ လီဆူးစာပေယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ နောင်ခုံးကျေးရွာအဖွဲ့နှင့် လုံခုတ်ကျေးရွာအဖွဲ့တို့က မီးပဒေသာများ လှည့်လည်ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တိုင်းရင်းသားရိုးရာ မီးပဒေသာအဖွဲ့ခေါင်းဆောင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မီးပုံးပျံအဖွဲ့များဖြစ်ကြသည့် မြို့ဦးရပ်ကွက်၏ စိန်နားပန် မီးပုံးပျံလွှတ်တင်မှုကိုလည်းကောင်း၊ မြို့ဦးကွက်သစ်ရပ်ကွက်၊ အနောက်ရပ်ကွက်နှင့် မြို့ဦးကွက်သစ်တို့၏ ညမီးကြီးမီးပုံးပျံများ လွှတ်တင်မှုများကို လည်းကောင်း  ကြည့်ရှုအားပေးခဲ့ပြီး မီးပုံးပျံအဖွဲ့ခေါင်းဆောင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရှိရသည်။

စိုင်းအယ်ဘဲ