သန်လျင် အောက်တိုဘာ ၂၅
ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်သည် ယမန်နေ့ နံနက်က တာဝန်ရှိသူများနှင့်အတူ သန်လျင်မြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိသော Isolation Ward အား ကြည့်ရှုပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရေး ညှိနှိုင်းဆွေးနွေးသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ဆေးရုံကြီးအတွင်း ဖျားနာကုသခန်းမှ စစ်ဆေး ဆောင်ရွက်ပေးနေမှု၊ ကိုဗစ်လူနာများ ထားရှိကုသနိုင်ရေး အဆောင်များ မွမ်းမံပြင်ဆင်ပြီးစီးမှု၊ အလှူရှင်များ၏ လှူဒါန်းပေးနေမှု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပံ့ပိုးဖြည့်ဆည်းပေးလျက် ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာ (၉၀၂)ဦး၊ သေဆုံး (၂၄)ဦး ရှိနေပြီး ရောဂါပျံ့နှံမှုမရှိစေရေး ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)