ပုဗ္ဗသီရိမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်

ပုဗ္ဗသီရိ အောက်တိုဘာ ၂၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင် ကန်အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် "မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန် ထမ်းဆောင်မည့်သူများ အနေဖြင့် မိမိတို့ထမ်းဆောင်ရမည့် တာဝန်များကို မှားယွင်းမှု၊ လစ်ဟင်းမှုမရှိစေရန် အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် မဲရုံများကို စနစ်တကျ စီမံဆောင်ရွက် လျက်ရှိကြောင်း" ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းလွင်က သင်တန်းဖွင့်လှစ်ပို့ ချပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။         

ပုဗ္ဗသီရိမြို့နယ်တွင် မဲရုံ(၇၉)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မဲရုံများတွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး တာဝန် ထမ်း ဆောင်ကြမည့် သင်တန်းသားဆရာ/ဆရာမ ၁၅၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ရက်လျှင် သင်တန်းသား ၈၀ ဦးဖြင့် အခန်းလေးခန်းခွဲ၍ နှစ်ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကံချွန်(ပြန်/ဆက်)