တောင်တွင်းကြီး ဒီဇင်ဘာ ၆
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ မခင်စောတင့် ရေးသားသည့် “စွန့်စားမူဆီသို့ ခြေတလှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု မှတ်သားရန် နှင့်နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များ ဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများနှင့် ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းကိုကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဘာကြောင့် မေ့တာလဲ၊ မကြည်လင်သည့် စိတ်နေစိတ်ထားကို တွန်းလှန်ကြပါစို့၊ ခဏလောက်စောင့်ပါဦး၊ စသည့် စာအုပ်ပါ အကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး မိမိတို့ နားလည် သဘောပေါက်သည်များအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စာရေးဆရာများဖြစ်ကြသည့် ဦးအောင်သက် (တောင်တွင်းအောင်သက်ဦး)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)နှင့် မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တို့က စာပေလေ့လာဖတ်ရှုခြင်းသည် ကျောင်းပညာရေးကိုလည်း အထောက်အကူဖြစ်စေပါကြောင်း၊ စာဖတ်ခြင်းဖြင့် အခွင့်အလမ်းများကို ရရှိစေပြီး လုပ်ငန်းခွင် အောင်မြင်မှုကိုလည်း ရရှိစေနိုင်ကြောင်း ပြန်လည်သုံးသပ်ခဲ့ကြပြီး မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၄) ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)