ကမာရွတ်မြို့နယ်၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူးသင်တန်းဖွင့်လှစ်

ကမာရွတ် အောက်တိုဘာ ၂၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲထိ အ.ထ.က( ၂) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများမှ မဲရုံဖွင့်လှစ်ရန် ပြင်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ဘေးကင်းလုံခြုံမှု၊ မဲရုံမှူးများ ရယူထားရမည့် ပုံစံများနှင့် မဲရုံသုံးပစ္စည်း များအကြောင်း ရှင်းလင်းခြင်း၊ မဲရုံအဖွဲ့ဝင်များ လုပ်ဆောင်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မသန်စွမ်းသူများ၊ အကူအညီလိုအပ်နေသူ မဲဆန္ဒရှင်များ၊ ဆန္ဒမဲပေး ခြင်း အဆင့်ဆင့်တို့နှင့် မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ ပယ်မဲ၊ ခိုင်လုံမဲပေးခြင်းတို့ကို လက်တွေ့သင်တန်းပို့ချခဲ့သည်။

ယခုဖွင့်လှစ်သော သင်တန်းကို ကမာရွတ်မြို့နယ်အတွင်း မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး (၉၄) ဦး တက်ရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး ကမာရွတ် မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်ရှိရာ မဲရုံပေါင်း (၃၇)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၄၈၀၀)ကျော်ခန့်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)