ချီဖွေမြို့နယ် တောင်တန်းသာသနာပြုကျောင်းတိုက် အောင်တော်မူ ဆုတောင်းပြည့်စေတီတော် ပြုပြင် မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

 

ချီဖွေ   အောက်တိုဘာလ   ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ဒေသဖွံ့ဖြိုးရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးမျိုးသန့်နှင့်တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၁) နာရီအချိန်က တောင်တန်းသာသနာပြု ကျောင်းတိုက်၌ အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းရာတွင် ၂၀၁၉-၂၀၂၀ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ချီဖွေမြို့ ဘာလဲ့ဒမ်ရပ်ကွက် တောင်တန်းသာသနာပြုကျောင်းတိုက် အောင်တော်မူဆုတောင်းပြည့်စေတီတော် ပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေ သိန်း(၆၀)အား ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးမျိုးသန့်နှင့် တာဝန်ရှိသူတို့က ချီဖွေမြို့တောင်တန်းသာသနာပြုဆရာတော် ဦးဘဒ္ဒန္တ ပညာသေဋ္ဌ ထံ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဆက်ကပ်လှူဒါန်းဝတ္ထုငွေအား သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ချီဖွေမြို့နယ် သာသနာရေးမှူး ဦးဇော်ဝင်းထွဋ် က လက်ခံရယူကြောင်း ချီဖွေမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)