မိုင်းစံမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းစံ ဒီဇင်ဘာ ၆

ကျောင်းသား/ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော အသိပညာဗဟုသုတများ သိရှိနားလည်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ဒီဇင်ဘာ  ၆ ရက်၊ နံနက် ၈ နာရီခန့်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ၂၀.၁.၁၉၄၆ ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၇.၁၁.၂၀၂၂ ရက်နေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအမည်နှင့်ဘိုမျိုး(ရွှေဘို)၏ အမျိုးသားနေ့မမေ့အပ်ရာ  ကဗျာများ စသည့် အသိပညာဗဟုသုတများစွာပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)