Quarantine ဝင်ရောက်နေသူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးရန်တောင်းဆိုမှုများရှိလာပါက ဆောင်ရွက်ပေးသွားမည်

 

မန္တလေး  အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Quarantine Center များတွင်  Quarantine ဝင်ရောက်နေ သူများအနေဖြင့် ဆန္ဒမဲပေးရန်တောင်းဆိုမှုများရှိလာပါက နည်းလမ်း၂မျိုးဖြင့် ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

“မဲဆန္ဒနယ်မြေအတွင်း မဲဆန္ဒရှင်များကြိုတင်မဲပေးခြင်းနဲ့ မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုပြီးဆောင်ရွက်ပေးသွားမှာ၊ Quarantine စင်တာအကြီးအမှူးတွေက စင်တာမှာ တက်ရောက်တဲ့အမည်စာရင်း တနည်းအားဖြင့် မဲဆန္ဒရှင်စာရင်းပြုစုပြီး စင်တာတည်ရှိရာ မြို့နယ်ကော် မရှင်ခွဲတွေကို စာရင်းပေးရမှာ၊ မဲဆန္ဒနယ်မြေအတွင်း စင်တာတက်ရောက်သူများ ကြိုတင်မဲပေးခြင်းမှာ  ပြုစုထားတဲ့စာရင်းအရ ရပ်ကျေးကော်မရှင်ကိုပို့မှာ၊ မဲစာရင်းနဲ့တိုက်ဆိုင်ပြီး မှန်ရင်မဲလက်မှတ်တွေ ကြို တင်မဲထည့်မယ့်စာအိတ်တွေ သီးသန့်မဲပုံးနဲ့ စင်တာအကြီးအမှူးကို သွားအပ်မှာ၊ သွားပို့တဲ့ရပ်ကျေးကော် မရှင် နှစ်ဦးကအထဲမဝင်ဘူး၊ ကော်ရတာလောက်မှာ မဲပုံးနဲ့စောင့်နေမှာ၊ စင်တာအကြီးအမှူး တာဝန်ပေးထားတဲ့ လက်ခံလွှဲပြောင်း သယ်ပို့ဆိုတဲ့ ကျန်းမာရေးဝန်ထမ်းအဖွဲ့တွေက Quarantine ဝင်ရောက်နေသူများ၏ ကြိုတင်မဲဆန္ဒပြုမဲတွေကို စာအိတ်တွေထဲထည့်ပြီးရင် ပိုးသတ်ပြီး စာအိတ်တွေကို ရပ်ကျေး ကော်မရှင်တွေ မဲပုံးထဲ ထည့်ပြီးအပ်မှာ၊ ပြီးရင်မဲပုံးတွေကို ပြန်ယူလာပြီးမဲရုံအလိုက်ပို့ရမယ့် မဲပုံးတွေထဲ အများရှေ့မှာ ပြောင်းထည့်မှာပါ”ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောသည်။

Quarantineစင်တာများတွင် တက်ရောက်နေသူများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၈ ရက်မှ၁၄ရက် အထိ ပထမအကြိမ်ပြုလုပ်ခဲ့ပြီး ကြိုတင်ဆန္ဒမဲပေး ရန်တောင်းဆိုမှုများ ရှိလာပါက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“မဲဆန္ဒနယ်ပြင်ပကြိုတင်မဲပေးလုပ်ငန်းမှာတော့ စင်တာကပေးလိုက်တဲ့စာရင်းကို မြို့နယ်ကော်မရှင် က ပုံစံ-၁၅ ပြုစုပြီး ကော်မရှင်ရုံးအချင်းချင်း ဖက်စ်၊ အီးမေးလ်တို့နဲ့ပို့ပြီး စင်တာတက်သူရဲ့ အမြဲတမ်းနေရပ်၊ မူလမဲစာရင်းပါတဲ့မြို့နယ်ခွဲကိုပို့ပေးမှာ၊ လက်ခံရရှိတဲ့ မြို့နယ်ခွဲက သတ်မှတ်ထား တဲ့ပုံစံနဲ့ရေးသွင်းပြီး ထွက်ပေါ်လာတဲ့စာရင်းအရ ကြိုတင်ဆန္ဒမဲနဲ့စာအိတ်တွေကို ပုံစံ-၁၅ပို့တဲ့ စင်တာရှိ ရာမြို့နယ်ခွဲကိုပြန်ပို့မှာ၊ ရောက်လာတဲ့ကြိုတင်မဲလက်မှတ်နဲ့စာအိတ်တွေကို စင်တာ အကြီးအကဲ ကို သွားအပ်မှာ၊ စင်တာအကြီးအကဲက ဖွဲ့ထားတဲ့အဖွဲ့နဲ့ ကြိုတင်မဲပေးခြင်းကို ဆောင်ရွက်ပြီး မဲတွေ စာအိတ်ထဲထည့်ပြီး စာအိတ်တွေကိုပိုးသတ်ဆေးဖျန်းပြီး မြို့နယ် ကော်မရှင်ခွဲ ကိုပြန်အပ်မှာ၊ လက်ခံရ ရှိတဲ့ကြိုတင်မဲစာအိတ်တွေကို သီးသန့်မဲပုံးထဲမှာခေတ္တလုံခြုံစွာထိန်းထားပြီး မူလ၊ အမြဲတမ်းမဲစာရင်း ပါမြို့နယ်ကို မဲလက်မှတ်တွေ အမြန်ဆုံးနည်းနဲ့ ပြန်ပို့မှာပါ၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ၂၅ရက် မှာ အပြီးဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်”ဟု ဆက်လက်ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် မဲရုံ ၅၄၄၇ ရုံရှိပြီး  ဆန္ဒမဲပေးခွင့်ရှိသူ ၄ သိန်းကျော်ရှိကြောင်း၊  မန္တလေးတိုင်းဒေသကြီး ၂၈ မြို့နယ်အတွင်း Quarantine Center ၃ဝဝကျော်ရှိကြောင်းသိရသည်။

ထိပ်ထားနိုင်