မိုင်းဆတ် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ် တစ်ထပ်တည်းဖြစ်စေမှု စသည့် စံ(၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး၊ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းတူးက ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ မဲရုံများ တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအနေဖြင့် ယခုသင်ကြားပို့ချမည့် ဆင့်ပွားသင်တန်း သင်ခန်းစာများကို မဲရုံအဖွဲ့ဝင်များအား ပြန်လည်ပို့ချရာတွင် အမှားအယွင်းမရှိအောင် ဂရုတစိုက်ပြန်လည် ပို့ချရေး၊ မဲရုံမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိနားလည်စေရေး၊ အထွေထွေရွေးကောက်ပွဲအောင်မြင် စွာ ပြီးမြောက်စေရန် အမှားအယွင်းမရှိအောင် စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒေါနယ်သိန်းက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချမည့်အစီအစဉ်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆင့်ပွားသင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက် ပွဲနေ့ကြိုတင်ပြင်ဆင်မှုများ၊ ရွေးကောက်ပွဲနေ့ မဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲနေ့ မဲရုံလုံခြုံရေးသင်ခန်းစာများနှင့် အထွေထွေလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် သတင်းရယူခြင်းသင်ခန်းစာများကို တစ်ခန်းလျှင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းသား/သူ (၃၀)ဦး နှုန်းဖြင့် စုစုပေါင်း(၁၁၆)ဦးအား သင်တန်းနည်းပြ(၄)ဦးက အလှည့်ကျစနစ်ဖြင့် တစ်ရက်တာသင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)