ညောင်ဦး ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေး လာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရဘုရားများကို ဖူးမြော်ပြီး ဘုရားအမှတ် ၁၄၅၇ ဂူဘုရားအတွင်းရှိ တည်ထားမှုမတူညီသည့် ဆင်းတုတော်များကိုဖူးမြော်ပြီး ဂူဘုရားကြီးတည်ဆောက်မှု ဗိသုကာပညာရပ်များကို လေ့လာနိုင်ကြောင်း သိရသည်။
ဘုရားအမှတ် ၁၄၅၇ ဂူဘုရားသည် ညောင်ဦးမြို့မှ ပုဂံမြို့သစ်သွား အနော်ရထာနှစ်လမ်း သွားကား လမ်းမကြီးဘေး သစ္စာမဏ္ဍိုင်ဘုရားအနီးတွင် တည်ရှိပြီး မုခ်လေးမုခ်ပါ ဂူဘုရားတစ်ဆူဖြစ်သည်။ လိုဏ်အတွင်း ပလ္လင်တော်ပေါ်၌ တည်ထားမှုမတူညီသည့် တည်ထားမှုပုံစံများဖြင့် ဖူးတွေ့ရပြီး အရှေ့ဘက်မုခ် ပလ္လင်တော်ပေါ်တွင် အရွယ်အစား အတော်အတန်ကြီးမားသည့် ထိုင်တော်မူဆင်းတုတော်၊ မြောက်ဘက်မုခ်တွင် မယ်တော်မာယာ၊ မိထွေးတော်ဂေါတမီနှင့် သိဒ္ဓတ္ထဘုရားမဖြစ်မီပုံ၊ အနောက်ဘက်မုခ်တွင် လျောင်းတော်မူပုံနှင့် တောင်ဘက်မုခ်တွင် ထိုင်တော်မူဆင်းတုတော်ပုံတို့အား လေ့လာဖူးတွေ့နိုင်မည်ဖြစ်သည်။ ဂူဘုရားကြီး လိုဏ်အတွင်း ထိုင်တော်မူဆင်းတုတော်ပုံများ၊ မြတ်စွာဘုရား ဗောဓိညောင်ပင်အောက် ထိုင်တော်မူဟန်များ၊ သစ်ပင်၊ သစ်ကိုင်း၊ သစ်ရွက်များကို ဆေးစိမ်းရောင်၊ ဆေးနီညိုရောင်၊ ဆေးနီရောင်တို့ဖြင့် နံရံပန်းချီ ရေးဆွဲထားတာကိုလည်း တွေ့ရှိရပါသည်။
၁၄၅၇ ဂူဘုရားသည် နှစ်ထပ်လိုဏ်ဂူဘုရားဖြစ်ပြီး အပေါ်ထပ်သို့တက်ရန် လှေကားဖြင့် တက်ရောက်နိုင်ပြီး ဘုရားကြီးအပြင်ဘက်တွင် အင်္ဂတေပန်းဆွဲလက်ရာများ၊ အလင်းဝင်ရောက်နိုင်ရန် အလင်းဝင်ပေါက် ထားရှိပုံများနှင့် ဂူဘုရားတည်ဆောက်မှု ဗိသုကာပညာရပ်များကို လေ့လာကြောင်း သိရသည်။
ဒီပါလင်း