ကျောက်တံတား အောက်တိုဘာ ၂၅
ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသောက်ရေး အခက်အခဲရှိနေသော မိသားစုများ အဆင်ပြေစေရန် ရည်ရွယ်ကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်းနေထိုင်ကြသော အမှန်တကယ်အခက် အခဲရှိနေသော အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ နေ့လယ်က (၃၈)လမ်းနှင့် (၃၉)လမ်း(အလယ်ဘလောက်)ရှိ အိမ်ထောင်စု(၃၀၀)ထံသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က အခြေခံစားသောက်ကုန်များကို ပြည်သူ့များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အမှန်တကယ်အခက်အခဲရှိသော ပြည်သူများအတွက် တစ်အိမ်ထောင် လျှင် ဆန် (၁) ပြည်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ Mask၊ Hand Gel Spray (၁၀၀)ml ၁ ပုလင်းစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အောက်တိုဘာလ(၂၅)ရက်နေ့တွင်လည်း (၃၉)လမ်းနှင့် လမ်း(၄၀) (အထက်ဘလောက်)ရှိ ပြည်သူများထံသို့ ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ