ဒဂုံ(အရှေ့)၊ အောက်တိုဘာ ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း စဉ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ZEP Electronic သုံးစွဲသူများ အရောင်းကိုယ်စားလှယ် များနှင့် ဝန်ထမ်းမိသားစုများမှ PPE Level 2 ဝတ်စုံ (၁၅၀) စုံအား အမှတ်(၁၂)ရပ်ကွက်၊ အမှတ်(၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ ယမန်နေ့ နံနက်ပိုင်းက ခွဲဝေလှူဒါန်း ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက် ရှိသော Volunteer များ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ PPE Level 2 ဝတ်စုံများအား လိုအပ်သည့် ပရဟိတလူမှုရေး အသင်းအဖွဲ့များသို့ ပြန်လည်ခွဲဝေ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် အမှတ် ၁၂၊ အမှတ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကိုနှင့် ဦးသန်းထိုက်အောင်တို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် လူမှုကူညီရေးလုပ်ငန်းများနှင့် အတူရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါး အိမ်ထောင်စုများအတွက် အလှူရှင်များနှင့် ပူးပေါင်း၍ အခြေခံ စားသောက်ကုန်များ လှူဒါန်းပေးခြင်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)