မိုင်းခတ် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နီလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ညွန့်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးမျိုးဝင်းအောင်က ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲ အခြေခံဗဟုသုတများ ဆန်းစစ်အကဲဖြတ်ခြင်း၊ မဲရုံဖွင့်/ပိတ်ခြင်း မဲရုံ အတွင်းသို့ ဝင်ခွင့်ရှိသူများ၊ မသန်စွမ်းသူများနှင့် အကူအညီ လိုအပ်သူမဲဆန္ဒရှင်များ မဲပေးခြင်းဆိုင်ရာများ၊ ရွေးကောက်ပွဲ ဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်လုပ်ပိုင်ခွင့်နှင့် စိစစ်ရမည့် အချက်များ၊ စောင့်ကြည့်လေ့လာသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မဲရုံကိုယ်စားလှယ်လောင်းများ၏ အခန်းကဏ္ဍ၊ ခိုင်လုံမဲ ပယ်မဲများနှင့် ပုံစံများ အသုံးပြုခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းကို နည်းပြ(၄)ဦးဖြင့် တစ်ရက်တာ သင်တန်းပို့ချပေးခဲ့ပြီး မဲရုံမှူးနှင့် ဒုမဲရုံမှူး စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)