မြစ်ကြီးနား ဒီဇင်ဘာ ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/ အကျဉ်းသူများအတွက် ရိုးရာကောက် သစ်စားပွဲတော် ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို ယနေ့နံနက် ၉ နာရီက အကျဉ်းထောင်အတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ရိုးရာကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်ကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အကျဉ်းသား/အကျဉ်းသူများအား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဆုတောင်းမေတ္တာပို့သပေးသည်။
ထို့နောက် ခရစ်ယာန်အသင်းတော်အသီးသီးမှ ဆရာတော်များ၊ သိက္ခာတော်ရဆရာများ ဦးဆောင်၍ ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို သမာကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းသီဆိုခြင်း၊ ပြည်စုံဆုတောင်းပေးခြင်းနှင့် ကျေးဇူးတော်ရိုးရာပလိုင်း များကို ကောင်းချီး ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မြင့်စိန်က ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအား ရိုးရာ ကောက်ဦးပလိုင်းများဖြင့် ဂါဝရပြုပေးအပ်သည်။
ယင်းနောက် ကတ်သလစ်အသင်းတော်ဘုန်းတော်ကြီးက ကောင်းချီးပေး ဆုတောင်းဆက်ကပ်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အစိုးရအဖွဲ့က အကျဉ်းသား/အကျဉ်းသူများအတွက် တစ်ရက်စာ အစားအသောက်များ ကျွေးမွေးလှူဒါန်းသည့် စားသောက်ဖွယ်များကို ထောက်ပံ့ပေးအပ်ရာ အကျဉ်းသား/အကျဉ်းသူများကိုယ်စား အကျဉ်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ကောက်သစ်စားပွဲ အထိမ်းအမှတ် တေးသရုပ်ဖော် ရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အကအဖွဲ့များအတွက် ထောက်ပံ့ငွေများနှင့် အကျဉ်းသား/အကျဉ်းသူများအတွက် ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များအား အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးနှင့် အရာထမ်း/ အမှုထမ်းများက အကျဉ်း ထောင်အတွင်း အကျဉ်းသား/အကျဉ်းသူများအတွက် အသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖြစ်သည့် လက်သမားသင်တန်း၊ အကြော်စုံသင်တန်း၊ ဆံသသင်တန်းများနှင့် အမျိုးသမီး တက်တင်း ထိုးသင်တန်း၊ စက်ချုပ်သင်တန်း၊ အလှပြင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အကျဉ်းသားများ၏ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်