ညောင်ဦး ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာန၊ ရုံးဝင်းအတွင်း ဒီဇင်ဘာ ၄ ရက်၊ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားရာတွင် မီးသတ်တပ်ဖွဲ့တကို နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလုပ် သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများ၊ နိုင်ငံပိုင်ပုဂ္ဂလိကပိုင်အဆောက်အဦများ၊ ကုန်ထုတ်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရန်၊ သဘာဝဘေးအလျှောက် ဖြစ်ပွားတတ်သောဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်းတည်ဆောက်ရန်ဆိုတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်ရဲဘော်တို့ဟာ လူမှုရေးလုပ်ငန်းများကို ပြည်သူ လူထုအတွင်း လက်တွေ့ဆောင်ရွက်နေသူများ ဖြစ်သည်နှင့်အညီ တပ်ဖွဲ့အသွင်ဖြင့်ဖွဲ့စည်းထားရှိပြီး စည်းကမ်း လိုက်နာတတ်မှု အမိန့်နာခံတတ်မှု စတဲ့အလေ့အကျင်ကောင်းတွေနဲ့အတူ လူထုအသိုင်းအဝန်းတစ်ခုလုံးရဲ့ အကျိုးကိုရှေးရှုဆောင်ရွက်တတ်တဲ့ အရည်အသွေးကောင်းများ ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့ နေရသည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးအနက် မီးဘေးအန္တရာယ်ဟာ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးမှာ နှစ်စဉ်မီးလောင်မှုအကြိမ်ပေါင်း ပျှမ်းမျှ(၁၂၀၀)ခန့် ဖြစ်ပွားတတ်ပြီး ဆုံးရှုံးမှုတန်ဘိုးအားဖြင့် ကျပ်သန်းပေါင်း (၂၄၀၀)ကျော်ခန့်ဖြစ်နေတာကို စိစစ်တွေ့ရှိရကြောင်း၊ ဒီမီးသတ်လုပ်ငန်းတွေဟာ တစ်ဦးချင်းဆောင်ရွက်ရတဲ့ လုပ်ငန်းမျိုးမဟုတ်ဘဲ အစုလိုက်အဖွဲ့လိုက် အားကျိုးမာန်တက်ဆောင်ရွက်ရတဲ့ လုပ်ငန်းများဖြစ်ကြောင်း အဖွင့်မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းသားများ ကိုယ်စား ကိုယ်စားလှယ်တို့အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနန်းတင့်နှင့် ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်တို့က တူညီဝတ်စုံများပေးအပ်ကြသည်။ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို ဒီဇင်ဘာ(၄)ရက်မှ ဒီဇင်ဘာ(၂၉)ရက်နေ့ထိ သင်တန်းဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း