ပုဂံမြို့တွင် Hotel Guest list Management System သင်တန်းဖွင့်လှစ်

ညောင်ဦး အောက်တိုဘာ ၂၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ ဖွင့်လှစ်သည့် Hotel Guest list Management System သင်တန်းကို ယမန်နေ့ ညနေပိုင်းက ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ၌ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Hotel Guest list Management System သင်တန်း ဖွင့်လှစ်ခြင်းအားဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်၍ တည်းခိုသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ၏ ဝင်ရောက်မှုစာရင်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့်ဆက်စပ် လျက်ရှိသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၏ သတင်းအချက် အလက်များကို လုံခြုံစိတ်ချမှု ရှိစေရေး နှင့် ပြောင်းလဲလာသည့် နည်းပညာစနစ်ဖြင့် လွယ်ကူလျှင်မြန်စွာ အသုံးပြုပြီး ဧည့်သည်ဝင်ရောက်မှုစာရင်း ဆောင်ရွက်နိုင်ရေးအတွက် Hotel Guest list Management System (HGMLS) စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်ကြားပို့ချရခြင်းဖြစ်​ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ ဝန်ထမ်းများကို စဉ်ဆက်မပြတ် ဆက်လက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ရှင်းပြသည်။

အဆိုပါ သင်တန်းကို ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ ကျောက်ပန်းတောင်းဒေသများရှိ ဟိုတယ်၊ တည်းခိုရိပ်သာ များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား Online မှ တစ်ဆင့် သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။

သင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ပုဂံ-ညောင်ဦး မြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကွန်ပျူတာကျွမ်းကျင်သည့် သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၁၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)