ကွတ်ခိုင် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးများကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုခန်းတွင် ဖွင့်လှစ် ပို့ချပေးသည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ဦးစီးမှူး ဒေါ်တောင်ဂျာခေါန်က ကျန်းမာရေးနှင့် ဘေးကင်းလုံခြံမှုဆိုင်ရာ အကြံပြုချက်များ၊ သင်တန်းအစီအစဉ်နှင့် ရည်ရွယ်ချက်များ၊ သင်ထောက်ကူပစ္စည်းများ၊ လမ်းညွှန်ချက်များနှင့် ဗွီဒီယိုသုံးစွဲနည်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင်က ကျန်းမာရေးနှင့်ဘေးကင်းလုံခြံမှုဆိုင်ရာ အကြံပြုချက် များကို အသေးစိတ်ထပ်လောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက သင်တန်းသို့ တက်ရောက်လာသော မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၏ အခန်းကဏ္ဍဖြစ်သည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်း၊ လက်မှတ်စစ်ဆေးထုတ်ပေးခြင်း၊ မဲရေတွက်ခြင်း၊ လုံခြုံရေး၊ ခိုင်လုံမဲ နမူနာပုံစံများ ပယ်မဲနမူနာပုံစံများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး နည်းလမ်း များနှင့်အညီ မဲပေးခြင်း လုပ်ငန်းများနှင့် ထုတ်ပိုးခြင်း အစရှိသည့် အဆင့်ဆင့်လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို သရုပ်ပြသင်ကြားပို့ချပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်ပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ်၌ နောက်ဆုံးကပ်ထားကြေညာသည့် မဲဆန္ဒရှင်ပေါင်း(၁၂၉၇၀၇)ခန့်ရှိပြီး မဲရုံပေါင်း ၁၃၄ ရုံ လျာထားသည်။ အဆိုပါသင်တန်းသို့ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး(၂၆၈)ဦး တက်ရောက်ပြီး အောက်တိုဘာ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃)ရက်ခွဲ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)