ပုဗ္ဗသီရိမြို့နယ်၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ဝိုင်း ကျင်းပ

ပုဗ္ဗသီရိ  ဒီဇင်ဘာ  ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ  ရရှိစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ   စာရေးဆရာ  ဒေါက်တာ ခင်မောင်ညို ရေးသားထားသည့် “မှတ်ဉာဏ်ရင့်သန်စေဖို့” စာအုပ်ကို ယမန်နေ့က အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ဝင်း (စိန်ဝင်းနွယ်-ဘာသာပြန်)နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးဘိုသန်း(ဘုန်းရဲနိုင်-ဂန့်ဂေါ)၊ ဒေါ်ချယ်ရီအောင်သန်း (ချယ်ချယ် -YU) တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားထားသည့် “မှတ်ဉာဏ်ရင့်သန်စေဖို့” စာအုပ်တွင်ပါရှိသည့် ဆောင်းပါးများမှ လူတွေအနေဖြင့် မေ့တတ်သည်ကို အကျင့်တစ်ခုကြောင့် မေ့တတ်နေကြခြင်း၊ မမေ့အောင် လေ့ကျင်ပြုပြင်ခြင်းဖြင့် မှတ်ဉာဏ်ကောင်းအောင် လေ့ကျင့်ခြင်း၊ မှတ်ဉာဏ်ကောင်းသည် ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်ခြင်း၊ မှတ်ဉာဏ်သည် လူကြီးများက လူငယ်များနှင့်တန်းတူ မှတ်သားနိုင်ကြခြင်း၊  တရားထိုင်ခြင်းနှင့် ဂီတများသည်လည်း စိတ်ကို လေ့ကျင့်ပေးသည့်အတွက် မှတ်ဉာဏ်ကောင်းစေနိုင်ပြီး အဓိကသည် အလုပ်လုပ်ရန် အရေးကြီးပါကြောင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)