ရွာငံ အောက်တိုဘာ ၂၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရွာငံမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ပြဒါးလင်းခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိရာ အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်ကျော်၊ ပြည်နယ်ဥပဒေ အရာရှိ ဦးဇော်ဇော်ထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမောင်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (အဖွဲ့ဝင်)ဒေါ်ခင်မြကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးငွေစိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က သင်တန်းခန်းမသို့ လာရောက်၍ သင်တန်းသူ များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထင်ကျော်နှင့် တာဝန်ရှိသူများသည် မဲရုံမှူး သင်တန်း တက်ရောက်နေသည့် သင်တန်းသားများအား ရွေးကောက်ပွဲကို တရားမျှတပြီး အကောင်းဆုံး အသန့်ရှင်းဆုံးဖြစ် အောင် စနစ်တကျဆောင်ရွက်ရန် ကပ်ရောဂါကာလဖြစ်သည့်အတွက် ကျန်းမာရေး ဆိုင်ရာများကို ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ရန်၊ ကြိုတင်မဲကိစ္စများ မဲရုံပြင်ပလုပ်ငန်းဆိုင်ရာ များကို ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် စသည်များကို ရှင်းလင်းဆွေးနွေးပြောကြားရာ သင်တန်းသူ/ သားများက မိမိတို့သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)