ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်း သီးထပ်စွမ်းအားတိုးမြှင့် စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား ဒီဇင်ဘာ ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံနေကြာအပါအဝင် သီးထပ်စိုက်ပျိုးစွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၂  ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်အတွင်းရှိ စံပြစိုက်ကွင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဦးစွာမြစ်ကြီးနားတက္ကသိုလ်သို့သွားရောက်ပြီး တက္ကသိုလ်ပင်မအဆောက်အဦရှေ့၌ သန့်ရှင်းသာယာလှပလာရေး စည်ပင်သာယာရေးအဖွဲ့၏ အကူအညီဖြင့် မြေယာရှုခင်းပြုပြင်ခြင်း၊ အလှပန်းပင်များ စိုက်ပျိုးပေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့၊ မန်ခိန်(စက်မှုဇုံ)ရပ်ကွက်အတွင်းရှိ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွင်းသို့သွားရောက်ပြီး မန်ခိန်ကွင်းနှင့် တပ်ကုန်းကွင်းမှ စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံကာ မိုးစပါးရိတ်သိမ်းပြီးစီးမှု အခြေအနေနှင့်ရိတ်သိမ်းပြီး လယ်များတွင် ဆောင်းသီးထပ် နေကြာ၊ ပဲပုတ်အပါအဝင် ဖူးစားပြောင်းစိုက်ပျိုးနိုင်ရေး ထယ်ထိုးဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆောင်းသီးထပ်အတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေး တူးဖော်ပေးထားသည့် ဆိုလာစနစ်သုံး စက်ရေတွင်းများမှတစ်ဆင့် ပင်မမြောင်းမကြီးမှ ရေကို အသုံးချနိုင်ရေး ရေတင်စက်ဆီဖိုးအဖြစ် ငွေကျပ် ၁၀ သိန်းကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအတွင်း ဧက ၀၀ စနစ်ကျစက်မှုလယ်ယာ သို့သွားရောက်ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ဆောင်းသီးထပ်အတွက် ဆီထွက်သီးနှံ နေကြာနှင့်ပဲပုတ်စိုက်ပျိုးသွားမည့် အခြေအနေများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ အယ်လ်နီညိုရာသီတု ဖြစ်စဉ်ကြောင့် တောင်သူများ ထိခိုက်မှုမှကုစားနိုင်သောသီးနှံပုံစံ Strip Cropping စနစ် စိုက်ပျိုးနည်းဖြင့် တောင်သူအသိပညာပေးအကွက်ချသီးနှံ မျိုးစုံစိုက်ခင်းစိုက်ပျိုးသွားမည့် အခြေအနေများနှင့် ဧက ၁၀၀ လုံးတွင် သီးထပ်စိုက်ပျိုးနိုင်ရေး ပြည်နယ်ရန်ပုံငွေဖြင့် တူးဖော်ပေးထားသော ဆိုလာစနစ်သုံး စက်ရေတွင်း ၄ တွင်း တူးဖော်ဆောင်ရွက်ထားရှိမှုနှင့် ရေအထွက်နှုန်းကောင်းမွန်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လယ်ကွင်းများအတွင်း ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စက်မှုလယ်ယာဦးစီးဌာနက ထွန်စက်ယန္တရားများ အသုံးပြုဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ဝိုင်းမော်မြို့နယ် မုတ်လွဲကျေးရွာ မုတ်လွဲကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီးစီးမှု အခြေအနေများဆောင်းသီးထပ်စိုက်ပျိူနိုင်ရေးနှင့် မုတ်လွဲကွင်း ဧရိယာအား ခြံစည်းရိုးကာရံနိုင်ရေးအတွက် တောင်သူများထံ ငွေကျပ် ၅၄၀၀၀၀၀ ကိုထောက်ပံပေးအပ်ပြီး စိုက်ကွင်းအတွင်း ကုန်ထုတ်လမ်း ပေ ၁၂၀၀ အား ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ်အဆင့်မြှင့်တင်ပေးနိုင်ရေးသီးထပ်အတွက် စိုက်ပျိုးရေအချိန်မီရရှိရေး၊ တောင်သူအစုအဖွဲ့ပိုင်အဖြစ် ရေအသုံးချမှုစနစ်တကျဖြစ်စေရေး ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများအကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်အတွင်း တောင်သူဦးချစ်ဆွေ၏ လယ်၌ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံပြီး အဆိုပါပမ္မတီး ကွင်း ၆၆ ဧကလုံး၌ သီးထပ်စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေအားလုံးတွင် သီးထပ်စိုက်ပျိုးနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များ ထောက်ပံ့ပေးသွားမည့်အခြေအနေများ၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားကာ ရာသီချိန်အမီ သီးထပ်စိုက်ပျိုးနိုင်ရေး တောင်သူများ၏ လိုလားချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တောင်သူဦးချစ်ဆွေ၏ခြံ၌ နို့စားနွားများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်