တပ်ကုန်း ဒီဇင်ဘာ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါ စာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားထားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်တွင် ပါရှိသည့် မှားမှာကို မကြောက်ပါနဲ့၊ အောင်မြင်ခြင်းအတွက် တည်ဆောက်ယူခြင်း၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ်၊ ပညာရေးအစ…စာအုပ်များဖြင့် အစပြုပါ၊ လူမျိုးမြင့်ဖို့ စာဖတ်စို့၊ လူငယ်နဲ့မေတ္တာတရား၊ လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း ခေါင်းစဉ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)