မန္တလေးတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေး ဒီဇင်ဘာ ၃

၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ  အခမ်းအနားကို မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အောင်နိုင်ရေးအလံ ပေးအပ်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ​လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ လူမှုရေးဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေမှူးး ဦးနိုင်လင်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများ၊ ကျောင်းသားအားကစားအဖွဲ့များမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ စုစုပေါင်း ၁၇၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားပြီး အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ရာ အဖွဲ့ခေါင်းဆောင် ဦးအောင်ဆွေဦး နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ကြသည်။

မန္တလေးတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည့် ကျောင်းသားအားကစားပွဲတော်၌ ဘောလုံး၊ ဘော်လီ‌ဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင် တင်းနစ်၊ ကြက်တောင် စသည့် အားကစားနည်းအလိုက် (ကျား/မ) ပြိုင်ပွဲ ၂ ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးအောင်ဆွေဦး ဦးဆောင်သည့် ကြီးကြပ်/အုပ်ချုပ်သူ ၂၅ ဦး၊ အားကစားသမား ၁၀၂ ဦး တို့သည် အခမ်းအနားအပြီးတွင် Express မော်တော်ယာဉ် သုံးစီးဖြင့် နေပြည်တော်သို့ ထွက်ခွာသွားကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)