အင်တော အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား မဲရုံ လုပ်ငန်းများဆိုင်ရာ သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အင်တောမြို့ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသင်တန်းတွင် ရပ်စောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် သင်တန်းနည်းပြတို့က အင်တောမြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)စုအတွင်းရှိ မဲရုံ(၂၁)ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲအခြေခံ ဗဟုသုတများ ဆန်းစစ်အကဲဖြတ်ခြင်း၊ မဲရုံဖွင့်/ ပိတ်ခြင်း မဲရုံအတွင်းသို့ ဝင်ခွင့်ရှိသူများ၊ မသန်စွမ်းသူများနှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များ မဲပေးခြင်း ဆိုင်ရာနှင့် ကိုယ်အပူချိန်မြင့်မားသည့် မဲဆန္ဒရှင်များအတွက် မဲပေးခြင်းဆိုင်ရာများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်လုပ်ပိုင်ခွင့်နှင့် စိစစ်ရမည့်အချက်များ၊ စောင့်ကြည့်လေ့လာသူများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် မဲရုံကိုယ်စားလှယ် လောင်းများ၏ အခန်းကဏ္ဍ၊ မဲရုံပြင်ပတာဝန်ထမ်းဆောင် သူများ၏ လုပ်ငန်းစဉ်၊ ကျန်းမာရေးစံနှင့်အညီ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ ကိုယ်အပူချိန် မြင့်မားသူများ မဲပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များအတွက် စစ်ဆေးရမည့် အချက်များ၊ ခိုင်လုံမဲ/ ပယ်မဲ များနှင့် ပုံစံများ အသုံးပြုခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အင်တောမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ မဲရုံ(၂၁)ရုံတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူး စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ခိုင်(အင်တော)