သာစည် အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန် ထမ်းဆောင် ကြမည့် မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက သာစည်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း သူရိယခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ် ပညာရေးမှူး ဦးစိုးဦးက ရွေးကောက်ပွဲ၌မဲရုံတွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လိုအပ်သည်များ မှာကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။ အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းကို မြို့နယ်အတွင်းရှိမဲရုံ ၂၄၉ ရုံတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား သုံးရက်ခွဲကာ တစ်နေ့လျင်သင်တန်းခန်း ၆ ခန်းဖြင့် တစ်ခန်းလျှင် သင်တန်းသား ၃၀ ဦးတို့ကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် လုပ်ငန်းလမ်းညွှန်ချက်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ သိရှိထားရမည့် နည်းဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မဲရုံများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိမွန်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မင်းနိုင် နှင့်မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့က ပို့ချကြောင်းသိရသည်။
သာစည်မြို့နယ်တွင် မဲရုံ ၂၄၉ ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၁၅၅၆၆၂ ဦး ရှိကြောင်း သိရသည်။
ထွန်းထွန်း (ပြန်/ဆက်)