ညောင်ဦး ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ပင်ပြန့်မြေပဲခေါ် ခြောက်လမြေပဲနုတ် သိမ်းချိန် မြေပဲခြွေစက်များ အသုံးပြုမှုများလာခြင်းကြောင့် မြေပဲစိုက်ပျိုးတောင်သူများ လုပ်ငန်းလုပ်ကိုင်ရာတွင် အမြန်ပြီးစီးမှု များလာပြီး ကုန်ကျစရိတ်လည်း သက်သာလာကြောင်း ညောင်ဦးမြို့နယ် ရှင်မိန်ကျေးရွာ ပင်ပြန့်မြေပဲ စိုက်ပျိုးတောင်သူ ဦးစိုးတင်းထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ပင်ပြန့်မြေပဲခေါ် ခြောက်လမြေပဲများ စိုက်ပျိုးမှု ယခုနှစ်တွင် များပြားခဲ့ပြီး မိုးရွာသွန်းမှု ကောင်းခြင်းနှင့်အတူ မြေပဲများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်း ကောင်းမွန်ခဲ့ကြောင်း၊ ခြောက်လမြေပဲများ စတင်စိုက်ပျိုးချိန်က မြေပဲ တစ်တင်း ၈၀၀၀၀ ကျပ် ပေးဝယ်စိုက်ပျိုးခဲ့ရပြီး၊ မြေယာထွန်ယက်ခ ထွန်စက်တစ်နာရီ ၃၁၀၀၀ ကျပ်၊ နွားရှဉ်းတစ်မနက် ထွန်ယက်ခ ၁၀၀၀၀ကျပ်၊ မြေပဲစိုက်သမတစ်ဦး ၃၅၀၀ကျပ်ပေး စိုက်ပျိုးခဲ့ရပြီး၊ မြေပဲ နှုတ်သိမ်းချိန် မြေပဲနှုတ်လွယ်ကူစေရန် ထွန်စက်ဖြင့် သံဓားဖြတ်ပြီး မြေပဲစု အလုပ်သမားများ ပြန်လည်ငှားရကြောင်း၊ မြေပဲပင်များ တစ်နေ၊ နှစ်နေလှမ်းပြီး ချိန်မြေပဲတောင့်ခြွေစက်များ အသုံးပြု ခြွေခြင်းများကြောင့် အချိန်ကုန်ကျမှု သက်သာစေပြီး လုပ်ငန်းလည်ပတ်မှုလည်း လျင်မြန်စေကာ မြေပဲခြွေလှေ့ခတစ်တင်း ၅၀၀၀ ကျပ်သာ ပေးရခြင်းက မြေပဲခြွေလှေ့စက်များ အသုံးပြုမှုတွင် ကျယ်လာစေကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု ကောင်းခြင်းကြောင့် မြေပဲအထွက်နှုန်း ကောင်းမွန်ပြီး မြေပဲတစ်တင်းကျ (ချ)စိုက်ပျိုးမှု မြေပဲတင်း ၆၀ မှ ၆၅ တင်းအထိ ထွက်ရှိခဲ့ပြီး ကျေးလက်တောင်သူများ မျှော်လင့်နေသည့် မြေပဲအထွက်နှုန်းလည်းဖြစ်ကြောင်း သိရကာ မြေပဲခြွေလှေ့စက်များ အသုံးပြုမှုများလာကြောင်း မြေပဲစိုက်ပျိုးတောင်သူများက ရှင်းပြ၍ သိရသည်။ မြေပဲစိုက်ပျိုးတောင်သူများ မြေပဲတစ်ပိဿာ ၅၀၀၀ ကျပ် ပြန်လည်ရောင်းချနေရပြီး မြေပဲအထွက်နှုန်းလည်း မျှော်လင့်နေသည့် အထွက်နှုန်းဖြစ်ကြောင်း သိရသည်။
ဒီပါလင်း(ပြန်/ဆက်)