ရွာငံ အောက်တိုဘာ ၂၅
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း ပြဒါးလင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် (၁) ဦးမျိုးမြတ်အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးကျော်ထဋ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာစံလုပ်ငန်းလမ်းညွှန် (SOP) ပါလမ်းညွှန်ချက်များ၊ အခန်း (၁)ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာ ကိစ္စရပ်များ သင်ရိုး (၂) ရွေးကောက်ပွဲ နေ့ပြင်ဆင်မှုများ၊ သင်ရိုး (၃) ရွေးကောက်ပွဲ ကျင်းပသည့်နေ့၊ သင်ရိုး(၄)မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ သင်ရိုး(၅) ရွေးကောက်ပွဲနေ့ လုံခြုံရေးနှင့် မဲရုံသရုပ်ပြခြင်း များကို လက်တွေ့ပို့ချ ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းသို့ မဲရုံမှူးနှင့် ဒုမဲရုံမှူး စုစုပေါင်း (၁၀၄) ဦး တက်ရောက်ခဲ့ ကြကြောင်းလည်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)