ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၂၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေး

ဘူးသီးတောင် ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူပြည်သူများသို့ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမပေါ်၌ စုရပ်ထားရှိကာပြည်သူများသို့  စားသုံးဆီများ လက်လီ ရောင်းချပေးခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ အမှတ်(၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမပေါ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ စားသုံးဆီတစ်ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် စားသုံးဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်  ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။

ထိုသို့ ဘူးသီးတောင်မြို့နယ်အတွင်း စားသုံးဆီရောင်းချမှုအား ဒီဇင်ဘာလ(၂)ရက်နေ့မှ(၅)ရက်နေ့ထိ သတ်မှတ်ရပ်ကွက်၊ ကျေးရွာများတွင် ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)