သိန္နီ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်မြေက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးအဖြစ် တာ၀န်ထမ်းဆောင်ကြမည့် ပညာရေး၀န်ထမ်းများအား ယမန်နေ့ နံနက်(၈)နာရီ အချိန်ခန့်က အောင်မင်္ဂလာခန်းမ၌ ဆင့်ပွားသင်တန်း ပို့ချသင်ကြား လျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းတွင် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ မဲပေးခြင်း လုပ်ငန်းအတွက် စစ်ဆေးမည့်အချက်များ၊ မဲရုံဖွင့်/ပိတ်ခြင်း၊ ဆန္ဒမဲပေးခြင်းနှင့် မဲရုံအတွင်းသို့ ၀င်ရောက်ခွင့်ရှိသူများ၊ မသန်စွမ်းသူ များနှင့် အကူအညီ လိုအပ်သူ မဲဆန္ဒရှင်မဲပေးခြင်း ဆိုင်ရာ များ၊ မဲရုံပြင်ပ တာ၀န်ထမ်း ဆောင်မည့်သူများ၏ လုပ်ငန်းစဉ်များ၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ပုံစံများ ဖြည့်သွင်းခြင်းတို့ကို သင်တန်းနည်း ပြ (၅)ဦးတို့က ပို့ချသင်ကြားပေးလျက်ရှိသည်။
သိန္နီမြို့နယ် အတွင်းရှိ မဲရုံ (၆၀)ရုံတွင် တာ၀န်ထမ်းဆောင်မည့် မဲရုံ၀န်ထမ်း(၁၂၀)ဦးရှိ၍ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများကို (၂၄-၁၀-၂၀၂၀) ရက်နေ့မှ (၂၅-၁၀-၂၀၂၀) ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖိုးချို (ပြန် -ဆက်)