မိုင်းဖြတ် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ် အထွေထွေ ပိုလျှံငွေ(GRF)ဖြင့် ဆောင်ရွက်ခဲ့သည့် နမ့်ဆန်တိုးချဲ့ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ကွက်သစ်ရပ်ကွက်၊ မြို့ရေ ပေးဝေရေးနေရာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းစွံဆိုင်း တက်ရောက်ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းစွံဆိုင်းက နမ့်ဆန်တိုးချဲ့ရေပေးဝေရေးလုပ်ငန်းကို ရှမ်းပြည်နယ်အထွေထွေပိုလျှံငွေနှင့် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စည်ပင် သာယာရေးဌာနမှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့် ဌာနဖြစ်ပါကြောင်း၊ မြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ရေရရှိရေးလုပ်ငန်းသည် စည်ပင်သာယာရေးလုပ်ငန်းတာဝန်ပင် ဖြစ်ပါကြောင်း၊ ရေပေးဝေရေးလုပ်ငန်း အောင်မြင်ရန်နှင့် မိုင်းဖြတ်မြို့ ပြည်သူများ၏ ရေလိုအပ်မှုအပေါ် ဖြည့်ဆည်းပေးရန်အတွက် ဌာနဆိုင်ရာများ၏ ကြိုးပမ်းမှုမှာ အဓိက ဖြစ်ပါကြောင်း၊ နှစ်အဆက်ဆက် ရေပိုက်စု ဆောင်းခဲ့ပြီး လိုအပ်တဲ့ရန်ပုံငွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ ရေပေးဝေရေးလုပ်ငန်းပြီး မြောက်ပြီဖြစ်သည့်အတွက် သောက်သုံးရေများကို ဖူလုံစွာရရှိမှာဖြစ်ပါကြောင်း၊ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီနှင့် စည်ပင်သာယာရေး ကော်မတီ တို့က မြို့လူထုရေသုံးစွဲမှုကို စနစ်တကျ စီမံခန့်ခွဲဖို့လိုအပ်ပါကြောင်း၊ မြို့နေလူထုကလည်း ရေကိုတန်ဖိုးထား အသုံးပြုစေလိုပါ ကြောင်းနှင့် သုံးစွဲတဲ့ရေပမာဏအလိုက် ကျသင့်ငွေကိုလည်း ပြည့်ပြည့်ဝဝပေးဆောင်ဖို့ တိုက်တွန်း လိုပါကြောင်း၊ ယခုလို ဆောင်ရွက်ခြင်း အားဖြင့် ရေပေးဝေရေးလုပ်ငန်းကို ရေရှည်ထိန်းသိမ်းနိုင်ပြီး စည်ပင်သာယာရေးလုပ်ငန်းများကို ပိုမို ဆောင်ရွက်ပေ နိုင်မှာဖြစ်ပါကြောင်း၊ လုပ်ငန်းအောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္ပဏီ၏ စေတနာထားဆောင်ရွက်မှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား အသိအမှတ်ပြုပါကြောင်း ပြေားကြားခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ၊ ကျိုင်းတုံမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးညီညီသန့်က တိုးချဲ့ရေပေးဝေရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားခဲ့ပြီး မြို့မိမြို့ဖ ဦးထွန်းရွှေ (တော်ဝင်မိုင်းဖြတ်နဂါး ဆောက်လုပ်ရေးကုမ္ပဏီ) မန်နေဂျင်းဒါရိုက်တာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ နမ့်ဆန်တိုးချဲ့ရေပေးဝေရေး လုပ်ငန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး၊ ရှမ်းပြည်နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)၊ ဌာနခွဲတာဝန်ခံ ဦးအေးကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး၊ ဦးစိုင်းစွံဆိုင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း တို့က မြို့ရေပေးဝေ ရေး ရေဘားကို ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းကျောက်စာတိုင်ကို အမွှေးနံ့သာရေများ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အထွေထွေပိုလျှံငွေ(GRF)ဖြင့် တင်ဒါအောင်မြင်ခဲ့သော တော်ဝင်မိုင်းဖြတ် နဂါးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး အလျား၃၆ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၈ ပေ ၆ လက်မရှိ ဂါလံ ၄၅၀၀၀ ဆံ ရေစုကန်တည်ဆောက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၂၃.၄၁ ကျပ်သန်း၊ ပိုက်နှင့် ပိုက်ဆက် ပစ္စည်းဝယ်ယူခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၈၈.၀၀ ကျပ်သန်း၊ ရေပိုက်သွယ်တန်းခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ၇၁.၁ ကျပ် သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)