နေပြည်တော် ဒီဇင်ဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးဦးရဲတင့်က ဝန်ကြီးဌာန၏ရည်မှန်းချက်များနှင့်အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ပေါက်မြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဦးချင်း လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို နှစ်စဉ်ဖွင့်လှစ် ပို့ချပေးလျက်ရှိကြောင်း၊ မိမိတို့ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြီးကြပ်ကွပ်ကဲခံရမှု အနည်းဆုံးဖြင့် အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏တစ်ဦးချင်းစွမ်းဆောင်ရည်များ တိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာကြရမည်ဖြစ်ပြီး သင်တန်းတွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များသာမက ပိုမိုကောင်းမွန်သည့် တီထွင်ဆန်းသစ်မှုများကိုလည်း အမြဲလေ့လာသင်ယူ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က သင်းတန်းဆင်းလက်မှတ်များကို သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်အား ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှ ဦးစီးအရာရှိ ၃၁ ဦး တက်ရောက်ခဲ့ကြပြီးသင်တန်းတွင် စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဆိုင်ရာလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်စေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေဘာသာရပ်၊ ရုံးလုပ်ငန်းလက်စွဲဘာသာရပ်၊ ဘဏ္ဍာရေးစည်းမျဉ်းဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်၊ ဝန်ထမ်းရေးရာနှင့် ပြင်/ထိန်းလုပ်ငန်းများဘာသာရပ်နှင့် စာရင်းစစ်ကန့်ကွက်ချက် မဖြစ်ပေါ်စေရေး ဘာသာရပ်များ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများအား ခေတ်စနစ်နှင့်အညီ ဝန်ဆောင်မှု ပေးနိုင်ရန် ပြည်သူ့စာကြည့်တိုက် စီမံခန့်ခွဲရေးလုပ်ငန်းများ ဘာသာရပ်၊ Digital library Management System အသုံးပြုနည်းဘာသာရပ်၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) ဘာသာရပ်၊ Talk Show ဗီဒီယိုနှင့်သတင်းဗီဒီယို တည်းဖြတ်ခြင်းဘာသာရပ်နှင့် လူမှုမီဒီယာအကြောင်းသိကောင်းစရာ ဘာသာရပ်၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဘာသာရပ်နှင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေဘာသာရပ်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုကြီးကြပ်ရေးလုပ်ငန်းများစသည့် ဌာနခွဲများ၏ လုပ်ငန်းများဆိုင်ရာ ဘာသာရပ်များကို နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပိုချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)