ကွမ်းလုံ၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒု-မဲရုံမှူး သင်တန်းဖွင့်လှစ်

ကွမ်းလုံ အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒု-မဲရုံမှူးသင်းတန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းလှအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် တို့ကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြများမှ မဲရုံဖွင့်လှစ်ရန်ပြင်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ဘေးကင်းလုံခြုံမှု၊ မဲရုံမှူးများ ရယူထားရမည့် ပုံစံများနှင့် မဲရုံသုံး ပစ္စည်းများ အကြောင်း ရှင်းလင်းခြင်း၊ မဲရုံအဖွဲ့ဝင်များ လုပ်ဆောင်ရ မည့် ဆောင်ရန်‌၊ ရှောင်ရန်အချက်များ၊ မသန်စွမ်းသူများ၊ အကူအညီလိုအပ်နေသူ မဲဆန္ဒရှင်များ ဆန္ဒမဲပေးခြင်း အဆင့်ဆင့်တို့နှင့် မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်း၊ ပယ်‌မဲ၊ ခိုင်လုံမဲပေးခြင်းတို့ကို လက်တွေ့သင်တန်းပို့ချခဲ့သည်။

ယခုဖွင့်လှစ်သော သင်တန်းကို ကွမ်းလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူး(၆၀)ဦး တက်ရောက်ပြီး ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  မဲဆန္ဒနယ် အမှတ်(၁)မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူး သင်တန်းကို အောက်တိုဘာ(၂၄) ရက်နေ့၊ မဲဆန္ဒနယ်အမှတ်(၂) မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒု-မဲရုံမှူး သင်တန်းကို အောက်တိုဘာ (၂၅) ရက်နေ့တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၁)အုပ်စုတွင် မဲရုံပေါင်း (၅၈)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၇၅၇၆)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စိုင်းဇော်ခမ်း (ကွမ်းလုံ)