ပြင်ဦးလွင် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဒိုးကွင်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းခန်းမဆောင်၌ကျင်းပခဲ့ရာ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ဆရာ / ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဝါဝါလွင်မှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ထူးက ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကို ပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောဆွေးနွေးချက်များအား မိမိတို့မှတ်သားနားလည်မှုအလိုက် အသီးသီးပြန်လည်ဆွေးနွေးတင်ပြကြ၍ စာရေးဆရာ ကိုရွှေအောင်သင်းက သုတရသစာအုပ်များအား ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့ကြသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား ကြည့်ရှုမှတ်သားလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)