မိုးကောင်း ဒီဇင်ဘာ ၁
ကျောင်းသား၊ ကျောင်းသူများ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်းဖြင့် သဘာဝဘေး အန္တရာယ်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်တင်နိုင်သည့် ရှေးဦးပြုစုခြင်း အခြေခံပညာရပ်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုကောင်းမြို့နယ် အ.ထ.က-နမ္မတီးကျောင်း၌ ယနေ့နံနက် (၉)နာရီတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးပြုစုခြင်းပညာရပ်နှင့် အခြေခံ အသက်ကယ်နည်းအဆင့်ဆင့်တို့ကို လူတိုင်းတတ်မြောက်စေပြီး သဘာဝဘေးနှင့် ကြုံတွေ့သည့်အခါ မိမိပတ်ဝန်းကျင်အား ကျန်းမာရေးစောင့်ရှောက်မှု စနစ်တကျ လုပ်ဆောင်တတ်စေရန်၊ ရိုင်းပင်းကူညီသောစိတ်၊ လူမှုဝန်ထမ်းစိတ်နှင့် ကြက်ခြေနီလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ချင်းစာတရားကို လူ့ကျင့်ဝတ်အနေဖြင့် ကျင့်သုံးဆောင်ရွက်တတ်စေ ရန်ရည်ရွယ်၍ သင်တန်းပို့ချခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို Grade-8 မှ ကျောင်းသား (၇၂)ဦး၊ ကျောင်းသူ(၇၂)ဦး တက်ရောက်ပြီး ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် အခြေခံသဘောတရားများ၊ လူနာဆန်း စစ်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ သတိလစ်ခြင်း၊ ဆို့နင်ခြင်းနှင့် အခြေခံအသက်ကယ် အထောက် အကူပြုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်း၊ ပတ်တီးစည်းခြင်း၊ အဆိပ်သင့်ခြင်း၊ အပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်နည်း၊ မိုင်းအန္တရာယ်အသိပညာပေးနှင့် အခြေခံ လက်နက်မဲ့စစ်ရေးပြ စသည့် ဘာသာရပ်များကို နိုဝင်ဘာ(၂၉)ရက်မှ ဒီဇင်ဘာ(၁)ရက်ထိ ကြက်ခြေနီ သင်တန်းနည်းပြများက သင်ကြားပို့ချကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)