မြန်မာပြည်မြောက်ဖျားရှိ ကချင်ပြည်နယ်သည် ထူးခြားထင်ရှားသည့် နယ်မြေဒေသ တစ်ခုဖြစ်သလို သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝလှသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ အထင်ကရထင်ရှားလှသည့် လေ့လာလည်ပတ်စရာကောင်းသည့် ရေခဲတောင်ဒေသ နှင့်အတူ နေရာများစွာရှိသလို ဒေသထွက်အဝတ်အထည်များ၊ အလှဆင်လက်ဝတ်ရတနာများ၊ ဒေသအစားအစာများလည်း အပါအဝင်ဖြစ်ပါသည်။
ထိုသို့ ကချင်ပြည်နယ်ဂုဏ်ဆောင် စိတ်ဝင်စားစရာကောင်းလှသည့် နေရာများနှင့် လူအများကြိုက်နှစ်သက်ပြီး ဒေသထွက် ကချင်ရိုးရာအစားအစာလည်း များစွာရှိပါသည်။ ယင်းတို့အနက် “ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စား အသားခြောက်အမျိုးမျိုး ” ထုတ်လုပ်နေသည့် လုပ်ငန်းလည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။ အသားနှင့် ပတ်သက်သည့် အသင့်စားရိုးရာအစားအစာထုတ်လုပ်မှု လုပ်ငန်းမှာ အနည်းငယ်သာ ရှိပါသည်။ ထိုကဲ့သို့ လုပ်ငန်းများမှ ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့် စား အသားခြောက်လုပ်ငန်းအနေဖြင့် ၂၀၁၉ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး၊ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်းနှင့် ဖြစ်ပွားပြီးကာလများတွင် ဈေးကွက်ကို ထိုးဖောက်ရခြင်းဖြစ်၍ ခက်ခဲမှုရှိခဲ့သော်လည်း အတန်အသင့် အောင်မြင်လျက်ရှိကြောင်း လုပ်ငန်းရှင်ကပြောသည်။
သမားရိုးကျ စားသောက်မှုပုံစံမှ အသင့်စား စားသောက်မှုပုံစံအသစ်သို့ ပြောင်းလဲထုတ်လုပ်ရ ခြင်းဖြစ်သည့်အတွက် အခက်အခဲများစွာရှိသော်လည်း ထုတ်ကုန်တစ်မျိုးမှသည် လက်ရှိအချိန်တွင် ထုတ်ကုန်အမျိုးအစား (၃၀)ကျော်ထုတ်လုပ်လျက်ရှိသည်။ ဇွဲ၊ လုံ့လ၊ ဝီရိယများစွာဖြင့် ကြိုးစား လုပ်ကိုင်လျက်ရှိကြောင်း လုပ်ငန်းရှင်က ဆက်လက်ပြောပြသည်။
လုပ်ငန်းစတင်ချိန်တွင် ကချင်ရိုးရာ အမဲသားခြောက်အမျိုးအစားသာ ထုတ်လုပ်ခဲ့ပြီး၊ ဆီမပါ၊ တာရှည်ခံဆေးမသုံးသဖြင့် ကျန်းမာရေးအတွက် သင့်လျော်၍ လူကြိုက်များလာရာမှ တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ကုန်များ တိုးတက်ထုတ်လာနိုင်ခဲ့ကြောင်း သိရသည်။ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခဲ့ရာမှ ဈေးကွက်တွင် တင်ပို့ရောင်းချနိုင်သဖြင့် ထုတ်ကုန်များကို တိုးချဲ့ ထုတ်လုပ် နိုင်ခဲ့ သည်။
ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စား အသားခြောက်လုပ်ငန်းမှ အသင့်စား အစားအစာများအနေဖြင့် အမဲသားခြောက်၊ အမဲသားမာလာအစပ်၊ အမဲသားငရုပ်သီးထောင်း၊ အမဲသား ဘာလ ချောင်ကြော်၊ ဝက်သားဘာလချောင်ကြော်၊ ကြက်သားမွကြော်၊ ဆိတ်သားဖြင့်ပြုလုပ်သော ဆိတ်သားခြောက်မီးဖုတ်နှင့် ငါးရံ့ခြောက်ဆီဆမ်းတို့ တို့ချဲ့ထုတ်လုပ်လျက်ရှိသည်။ ထို့အတူ အသားမစားသူများအတွက် ပဲပုတ်ဘာလချောင်ကြော်၊ ပုဇွန်ဘာလချောင်ကြော်၊ ငါးနီတူဘာလချောင်ကြော်၊ အသားတုကြော်အစပ်၊ သဘာဝကြက်သွန်နီကြော်၊ သက်သက်လွတ်ဘာလချောင် ကြော်များ ထုတ်လုပ်ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။
ထို့အပြင် ကချင်ရိုးရာ ငပိ ပြုလုပ်လာနိုင်ပြီး၊ ကချင်ငပိထောင်း(nga panau) ကို ရိုးရာနည်း အတိုင်း ထုတ်လုပ်ရောင်းချလျက်ရှိသဖြင့် ရောင်းအားအကောင်းဆုံး ထုတ်ကုန်အဖြစ် ရပ်တည် လျက်ရှိသည်။ ကချင်ဒေသမှထွက်ရှိသော ပန်းဥ၊ ပူတာအိုဒေသမှ ထွက်ရှိသော ငါးခြောက်ကို ရိုးရာအစား အစာအဖြစ်ပြောင်းလဲထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများ အနေဖြင့် သစ်ကျပိုးခေါက် နှင့် နံနံစေ့ကို အဓိကထားပြီး ပေါင်းစပ်ထုတ်လုပ်ခြင်းဖြင့် လူကြိုက်များကြောင်း လုပ်ငန်းလုပ်ကိုင်သူက ပြောပြာသည်။
အဆိုပါ ကချင်ရိုးရာ အသင့်စားအသားခြောက်ထုတ်လုပ်သည့် လုပ်ငန်းသည် စတင်လုပ်ကိုင်ချိန်မှပင် အသေးစားနှင့်အလတ်စား MSME အသင်းဝင်ရောက်ခဲ့ပြီး ပြည်နယ်အတွင်းတွင် ပြသသော ထုတ်ကုန်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် ရောင်းအားကိုမြှင့်တင် ဆောင်ရွက်နိုင်ကြောင်း လည်းသိရသည်။ အသင့်စား အသားခြောက်လုပ်ငန်းအတွက် လိုအပ်သောအသားကို မြစ်ကြီးနား၌ ဝယ်ယူအသုံးပြုပြီး၊ ထုတ်လုပ်ထားသော ကုန်ချောများကို ဖားကန့်၊ တနိုင်း၊ ပူတာအို ၊ မူဆယ်မြို့များသို့ ပို့ဆောင်ပေးလျက်ရှိရာ ကိုယ်စားလှယ်များ၏မှာယူမှု အခြေအနေပေါ်မူတည်၍ ပစ္စည်းများအား ထုတ်လုပ်ပေးလျက်ရှိကြောင်းသိရသည်။
မြစ်ကြီးနားမြို့ရှိ အဆိုပါလုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်မှုအနေဖြင့် အလုပ်သမား(၁၅)ဦးခန့်ကို နေ့စဉ်အလုပ်ပေးနိုင်ပြီး၊ လစာအနေဖြင့် တစ်ဦးလျှင် အနိမ့်ဆုံး လစာမှာ ငွေကျပ် တစ်သိန်းငါးသောင်းမှ ငွေကျပ်လေးသိန်းအထိ ပေးနိုင်ကြောင်းလည်း သိရသည်။ လုပ်ငန်းလည်ပတ်ရာတွင် ရိုးရာဒေသထွက် အသင့်စားဖြစ်သောကြောင့် စားသုံးသူ ပြည်သူများ၏ ယုံကြည်မှုရအောင် ဆောင်ရွက်ကြောင်း၊ အသစ်အဆန်း မဟုတ်သော်လည်း အသင့်စားဖြစ်အောင် ဖန်တီးလုပ်ဆောင်လျက်ရှိကြောင်း လုပ်ငန်းရှင်က ဆက်လက်ရှင်းပြသည်။
ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စား အသားခြောက်လုပ်ငန်းကို လုပ်ကိုင်ရာတွင် ကုန်ကြမ်းများယခင်ကထက် ဈေးနှုန်းမြင့်မားမှုကြောင့် အမြတ်အနေဖြင့် ထုတ်လုပ်မှုတစ်ခုအတွက် တစ်ဗူးလျှင် ငွေကျပ်ငါးရာခန့်သာ မြတ်စွန်းမှရှိကြောင်း၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်သည့်အပြင် မိမိဝါသနာကို အခြေခံ၍ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် အဆင်ပြေကြောင်း၊ အခြားမြို့များပါ ဖြန့်ချိနိုင်သဖြင့် လုပ်ငန်းများ ယခင်ထက် ပိုမိုတိုးချဲ့ထုတ်လုပ်နိုင်ကြောင်း သိရသည်။
အဆိုပါ ကချင်ရိုးရာ အသင့်စားအသားခြောက်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချသော အသင့်စားအစားအစာများအနေဖြင့် ငွေကျပ် ၁၈၀၀ မှ ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့်ရောင်းချပေးသည့်အတွက် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ကြောင်း၊ ထုပ်ပိုးမှုစနစ်ကို စနစ်တကျထုပ်ပိုးထားပြီး ထုတ်ကုန်တစ်မျိုးစီအတွက် မှတ်ပုံတင်ထားရှိကာ အနံ့အရသာကို ရိုးရာမပျက်ပြည့်စုံ ကောင်းမွန် အောင် ဖန်တီးထားခြင်းများက ဝယ်ယူစားသုံးသူများ၏ ယုံကြည်မှုအား ပိုမိုရရှိကြောင်းလည်း လုပ်ငန်းရှင်က ဆိုသည်။
မြစ်ကြီးနားမြို့ရှိ ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စား အသားခြောက်လုပ်ငန်းအနေဖြင့် ပြည်နယ်အတွင်း ကချင်တိုင်းရင်းသားများ၏ ရိုးရာအစားအစာများနှင့်ပတ်သက်သော အရောင်း ပြခန်းများ ဖွင့်လှစ်ပေးနိုင်သည်အထိ ရည်မှန်းချက်ထားကာ လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိဒေသမှ အခြားဒေသသို့ရောက်ရှိနေသော တိုင်းရင်းသားများအတွက်လည်း မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ ဒေသရိုးရာအစားအစာ အသင့်စားသုံးနိုင်ရန် စီစဉ်ရောင်းချပေး လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး မိမိတို့လုပ်ငန်းမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်လျက်ရှိကြောင်းလည်း သိခွင့်ရခဲ့သည်။
သို့ပါ၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဝဒူဆိုင်းပန်ကချင်ရိုးရာ အသင့်စား အသားခြောက်အမျိုးမျိုး ထုတ်လုပ်သည့်လုပ်ငန်းသည် ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနေသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ဖြိုးလေး