မိုင်းဆတ်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအတွက် မဲရုံမှူး၊ ဒုတိယမဲရုံ မှူး ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

မိုင်းဆတ် အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ် တည်း ဖြစ်စေမှု စသည့် စံ(၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး၊ အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းတူးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး တွင် သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ အနေဖြင့် ယခု သင်ကြားပို့ချမည့် ဆင့်ပွားသင်တန်း သင်ခန်းစာများကို မဲရုံအဖွဲ့ဝင်များအား ပြန်လည်ပို့ချရာတွင် အမှားအယွင်းမရှိအောင် ဂရုတစိုက်ပြန်လည် ပို့ချရေး၊ မဲရုံမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သိရှိနားလည်စေရေး၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြီးမြောက် စေရန် အမှားအယွင်းမရှိအောင် စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဒေါနယ်သိန်းက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သင်ကြားပို့ချမည့် အစီအစဉ်များ၊ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် အဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများ ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆင့်ပွားသင်တန်းတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ ကြိုတင်ပြင်ဆင်မှုများ၊ ရွေးကောက်ပွဲနေ့ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲနေ့ မဲရုံလုံခြုံရေးသင်ခန်းစာများနှင့် အထွေထွေလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် သတင်းရယူခြင်းသင်ခန်းစာများကို တစ်ခန်းလျှင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းသား/သူ(၃၀)ဦးနှုန်းဖြင့် စုစုပေါင်း (၁၁၆)ဦးအား သင်တန်းနည်းပြ(၄)ဦးက အလှည့်ကျစနစ်ဖြင့် တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)