ကွန်ဟိန်းမြို့၌ ကုန်တင်ယာဉ်ရပ်နားစခန်း ဖွင့်လှစ်၍ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွား လာခြင်းရှိ/မရှိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်

ကွန်ဟိန်း အောက်တိုဘာ ၂၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကုန်တင်ယာဉ်ရပ်နားစခန်းအား နမ့်ဟိုင်းကျေးရွာ(ယခင်ဂေါက်ကွင်းဟောင်းမြေနေရာ)တွင် ဖွင့်လှစ်၍ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိ စစ်ဆေးအား ယမန်နေ့ နံနက်(၈)နာရီအချိန်ခန့်က  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ ညအိပ်ရပ်နားနိုင်ပြီး အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာ ရပ်နားနိုင်ရန်၊ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ရန်၊ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များဖြင့် ဝင်ထွက် သွားလာ နေသူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာမှုရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ထားသည့် ထောက်ခံချက်များ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ စစ်ဆေးခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)