မြစ်ကြီးနား ဒီဇင်ဘာ ၁
ကချင်ပြည်နယ်အတွင်း ဆန်စပါးရိတ်သိမ်းပြီးချိန်တွင် တစ်နှစ်တာအတွင်း တောင်သူတို့၏ လယ်ယာမှ ဦးစွာရရှိသော ကောက်ဦးစပါးပေါ်ချိန် အင်လုံအင်နန်ရှားပွဲဟု ခေါ်ဆိုသည့် ရိုးရာ ကောက်သစ်စား ကျေးဇူးတော် ချီးမွမ်းပွဲတော်ကို နှစ်စဥ်ကျင်းပလေ့ရှိရာ ကချင်ပြည်နယ်အစိုးရ အဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ တောင်သူများ စုပေါင်းကာ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲ ကျေးဇူးတော် ချီးမွမ်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ယမန်နေ့နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ရိုးရာကောက်သစ်စားပွဲတော်ကို ဝန်ပေါင်ဘင်ခရာအဖွဲ့မှ တီးမှုတ်ဖျော်ဖြေခြင်းနှင့် အတူ ကချင်မျိုးနွယ်စုဝင် တိုင်းရင်းသူလေးများက လယ်ယာခြံထွက်သီးနှံများ ပါဝင်သည့် ကောက်ဦး ပလိုင်းများ သယ်ဆောင်လာခဲ့ကြပြီး သိက္ခာတော်ရ ဆရာတော်များက ကောက်ဦးပလိုင်းများအတွက် ဆုတောင်းဆက်ကပ်အပ်နှံပေးခဲ့ကြသည်။
ထို့နောက် ရိုးရာကောက်သစ်စားပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ရိုးရာပွဲတော်များစွာ ရှိသည့်အနက် ယခုလိုစပါးရိတ်သိမ်းပြီးချိန်တွင် ဦးဦးဖျား ဖျား ရရှိသည့် ကောက်ဦးကောက်သစ်ကို ယခုကဲ့သို့ ဒေသတွင်း တိုင်းရင်းသားပြည်သူများ၊ တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူတကွ စုပေါင်း၍ ကျင်းပခွင့်၊ ကျေးဇူးတော်ချီးမွမ်းခွင့်၊ အတူတကွ သုံးဆောင်ခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ပြောကြားသည်။
ယင်းနောက် သိက္ခာတော်ရဆရာတော်များနှင့် တက်ရောက်လာကြသူများက ဆုတောင်း ဆက်ကပ် အပ်နှံခြင်း၊ ဂုဏ်တော်သီချင်းများ သီဆိုခြင်း၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လယ်ယာခြံထွက်သီးနှံများအတွက် ချီးမွမ်းတေးကဗျာရွတ်ဆိုခြင်း၊ သိက္ခာတော်ရ ဆရာများနှင့် အင်္ဂလီကန်ဘုန်းတော်ကြီးတို့က ဓမ္မဒေသနာတော်ဟောကြားခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းပွဲ စားသောက်ဖွယ်ရာများအတွက် Father Dr.ယုံဝါက ဆုတောင်းဆက်ကပ်ကာ ဘုန်းတော်ကြီး ဂျွန်ဇော်လီက ကောင်းချီးတောင်းခံ ဆုတောင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်းတို့က ကောက်ဦးပလိုင်းနှင့် အလှူငွေများကို တက်ရောက်လာကြသော ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များနှင့် ဘာသာရေး အသင်းတော် ခေါင်းဆောင်များထံလည်းကောင်း၊ ကောက်ဦးပလိုင်းလက်ဆောင်များကို ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ထံသို့လည်းကောင်း တစ်ဦးချင်း ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းရင်းသား/သူလေးများက ကချင် တိုင်းရင်းသားတို့၏ ရိုးရာကောက်သစ်စားပွဲတော် တေးသီချင်းအကအလှများဖြင့် ကပြဖျော် ဖြေတင်ဆက်မှုကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တစ်နှစ်တာအတွင်း ဦးစွာ ရရှိသည့် ဆန်/ကောက်သစ်ကို နေ့လယ်စာအဖြစ် အတူတကွ ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲတော်တွင် ဘင်ခရာ တီးဝိုင်းများဖြင့်လည်းကောင်း၊ တိုင်းရင်းသားရိုးရာ အကအလှအများဖြင့်လည်းကောင်း ပါဝင်တီးမှုတ်၊ ကပြသီဆိုဖျော်ဖြေခဲ့ကြသော အဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့် ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စီတာပူရပ်ကွက်ရှိ သီတာအေး နှစ်ခြင်း IDP စခန်းမှ မန်ခိန်နှင့်ရွှေစက် ရပ်ကွက်များရှိ မိမိတို့အစီအစဥ်ဖြင့် ဆောက်လုပ် ထားသည့် နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၉) ဦး တို့နှင့် သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် မူလနေရပ်သို့ ပြန်လည် ရွှေ့ပြောင်းနေထိုင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်း ချိတ်ဆက်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် နေရပ်ပြန်အိမ်ထောင်စုများနှင့် တစ်သားထဲရှိနေသကဲ့သို့ ရွှေ့ပြောင်းနေထိုင်ကြမည့်ကျေးရွာများ၌ လိုအပ်ချက်များကိုအတတ်နိုင်ဆုံး နှင့် အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သီတာအေးနှစ်ခြင်း IDP စခန်းမှ နေရပ်ပြန် အိမ်ထောင်စု (၆)စု၊ လူဦးရေ (၂၉)ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်၊ ဆီတစ်ပိဿာနှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၇၀၂၀၀၀) ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်း Kit Box များ စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုးငွေကျပ် ၁၁၈၇၂၉၆ ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ မိသားစုသုံးကျန်းမာရေးပစ္စည်းများနှင့် အနွေးစောင်များကို အသီးသီး ထောက်ပံ့ပေးအပ်ရာ နေရပ်ပြန် အိမ်ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်