မတ္တရာမြို့နယ်၌ မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချ

မတ္တရာ၊ အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုမဲရုံမှူးအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချခြင်းကို ယမန်နေ့နံနက် (၈)နာရီက အထက (မြို့သစ်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရွေးကောက်ပွဲဆိုင်ရာသင်တန်း ပထမနေ့တွင် မဲရုံ (၆၇) ရုံမှ (၁၃၄) ဦးအား  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အခန်းများ(ခွဲ)၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိတို့မှ မံရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လက်စွဲစာအုပ်ပါအချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ စသည်တို့ကို ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။

မတ္တရာမြို့နယ်တွင် မဲရုံပေါင်း (၂၆၆) ရုံမှ မဲရုံမှူးနှင့် ဒုမဲရုံမှူး (၅၃၂)ဦးတို့အား အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၄)ရက်ခွဲ၍ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)